မလိုအပ်ဘဲ ဆေးတွေ သောက်တာက အသည်း ပျက်စီးစေမလား
ဖျားချင်သလိုလို ဖြစ်တယ် ဆေးသောက်တယ်။ ကိုယ်လက်တွေ ကိုက်တယ် ဆေးသောက်လိုက်တယ်။ ခေါင်းကိုက်ချင်သလိုလို ဖြစ်တယ် ဆေးသောက်လိုက်တယ်။ ဘာပဲ ဖြစ်ဖြစ် နည်းနည်းလောက် ဖျားချင်ရိပ် သန်းတာဖြစ်ဖြစ် နည်းနည်းလေးလောက် နေလို့ မကောင်းရင်တောင်မှ ဆေးတွေကို မလိုအပ်ဘဲ သောက်နေမိတာမျိုး ရှိတတ်တယ်နော်။ ဖျားမှာကို ကြိုတင် ကာကွယ်တဲ့အနေနဲ့ ဆေးသောက်တာ ကောင်းပေမယ့် ဆေးကို မလိုအပ်ဘဲ သောက်တာက ရေရှည်မှာ အသည်း ပျက်စီးစေနိုင်ပါတယ်။
ဆေးတွေက အသည်း ပျက်စီးစေသလား?
ဆေးတွေက အသည်းပျက်စီးစေသလား ဆိုတော့ ပျက်စီးစေနိုင်ပါတယ်။ အထူးသဖြင့်တော့ ဆေးတွေကို လိုအပ်တဲ့ ပမာဏထက် ပိုသောက်တာ၊ မလိုအပ်ပဲ ဆေးတွေ သောက်တာနဲ့ အနာနဲ့ဆေး မတည့်တဲ့ ဆေးတွေကို သောက်မိတာတွေက အသည်းရဲ့ လုပ်ငန်းလုပ်ဆောင်မှုတွေကို အဟန့်အတားဖြစ်စေပြီး အသည်းကို ပျက်စီးစေနိုင်ပါတယ်။
အမျိုးမျိုးသော ဆေးတွေက ဆေးကြောင့်ဖြစ်တဲ့ အသည်းရောင်တာတွေကို ဖြစ်စေနိုင်ပါတယ်။ ဆေးတွေထဲမှာမှ အကိုက်အခဲ ပျောက်ဆေးတွေ နဲ့ အဖျားကျဆေးတွေ အထူးသဖြင့် အသည်းကို ထိခိုက်စေနိုင်တဲ့ Acetaminophen ပါဝင်နေတဲ့ ဆေးတွေက အသည်းထိခိုက်တာ၊ အသည်းမှာ အဆိပ်အတောက်ဖြစ်တာ၊ အသည်း ထိခိုက်ပျက်စီးတာတွေကို ဖြစ်စေနိုင်ပါတယ်။
အကြောင်းကတော့ အသည်းက သောက်လိုက်တဲ့ ဆေးတွေကို သန့်စင်ပေးရတာပါ။ လိုတာထက် ပိုပြီး အလွန်အကျွံ သောက်မိတဲ့အခါ ရလဒ် အနေနဲ့ကတော့ ဆေးတွေမှာပါတဲ့ အဆိပ်အတောက်တွေက အသည်းကို ထိခိုက်စေတာပါ။
ဆေးဆိုင်တွေကနေ အလွယ်တကူဝယ်သောက်လေ့ရှိတဲ့ ဆေးတွေထဲမှာမှ စပ်ဆေးတွေက အသည်းကို ပျက်စီးစေနိုင်ခြေ ပိုများသလို ဆေးယဉ်ပါးပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပါသေးတယ်။
ဒါ့အပြင် အသည်းကို ထိခိုက်စေနိုင်တဲ့ ဆေးတွေကတော့ အပေါ်မှာ ပြောခဲ့သလို အကိုက်အခဲပျောက်ဆေးတွေနဲ့ အဖျားကျဆေးတွေက အဓိကပါ။ ဒီဆေးတွေက အရက်အလွန်အကျွံ သောက်သလိုမျိုးပဲ အသည်းကို ထိခိုက်စေနိုင်တာပါ။
ဒီဆေးတွေအပြင် အရောင်ကျဆေးတွေ ဖြစ်ကြတဲ့ Ibuprofen၊ Diclofenac နဲ့ Naproxen တို့လိုမျိုး (NSAIDs) အမျိုးအစား အရောင်ကျဆေးတွေကလည်း နည်းလမ်းမကျစွာ မှီဝဲမိရင် အသည်းကို ထိခိုက်စေနိုင်ပါသေးတယ်။
အသည်းထိခိုက်စေနိုင်တဲ့ အခြားဆေးတွေကိုလည်း သတိထားလို့ရအောင် ဆေးတွေကိုလည်း ဖော်ပြပေးလိုက်ပါ။ အဆိုပါ ဆေးအမျိုးအစားတွေကတော့
- Amiodarone
- Anabolic steroids
- Birth control pills
- Chlorpromazine
- Erythromycin
- Halothane
- Methyldopa
- Isoniazid
- Methotrexate
- Statins
- Sulfa drugs
- Tetracyclines
- Amoxicillin-clavulanate
- အတက် သက်သာစေတဲ့ ဆေးတွေ
- Disulfiram
- Niacin
- Azathoaprine
- Ketoconazole စတာတွေပါ။
ဒါကြောင့် သတိပေးချင်တာက ဆေးတွေကို မလိုအပ်ဘဲ သောက်တာ၊ ဆေးညွှန်းအတိုင်း မသောက်ဘဲ သောက်ချင်သလို သောက်တာမျိုးတွေ မလုပ်ပါနဲ့။ ဆေးကို ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ သောက်ပေးပါလို့ အကြံပြုချင်ပါတယ်။
မွန်မွန်